ကြက်တောင်

ကြက်တောင်အားကစားသမိုင်း

မြန်မာ့ကြက်တောင်ရိုက် အားကစားသမိုင်းကို ပထမအစဦးဆုံး မှတ်တမ်းတင်ခဲ့သူမှာ မြန်မာပြည်လုံး ဆိုင်ရာကြက်တောင်ရိုက်အသင်းချုပ် ပြန်ကြားရေးမှူးဟောင်း ဦးသိန်းဖြစ်သည်။ ဦးသိန်းသည် ကြက်တောင် ရိုက်ကစားနည်းစာအုပ်ကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရေးသားထုတ်ဝေခဲ့သည်။

ဦးသိန်း၏ ကျေးဇူးကြောင့် ၁၉၁၀ ခုနှစ်ခန့်တွင် မြန်မာပြည်၌ ကြက်တောင်ရိုက်ကစားနည်း စတင် ပေါက်ဖွားလာခဲ့သည်ဟု သိမှတ်ရပေသည်။

မြန်မာပြည်၌ ကြက်တောင်ရိုက်ကစားနည်းပေါက်ဖွားလာသည့် ကာလကို သိမှတ်ရပြီးနောက် အခြေ အမြစ်အတိအကျကို လေ့လာစူးစမ်းသောအခါ မြန်မာပြည်တွင် ကြက်တောင်ရိုက်ကစားနည်း မျိုးစေ့ချ၍ စတင် စိုက်ပျိုးလာခဲ့ပုံ အဆင့်ဆင့်ကိုအရိပ်ထင် သိမြင်လာခဲ့ရသည်။

ကြက်တောင်ရိုက်ကစားနည်းသည် မြန်မာ့ရိုးရာကစားနည်း မဟုတ်၍ မြန်မာပြည်တွင် ယခင်က ဤကစားနည်းမရှိခဲ့ကြောင်းကို အထူးပြောရန်ပင် မလိုတော့ချေ။ ကြက်တောင်ရိုက်ကစားနည်းမျိုးစေ့ကို ပြည်ပမှ ယူလာ၍ စတင်စိုက်ပျိုးသူများမှာ ထိုအချိန်ကာလက အုပ်စိုးသူ အင်္ဂလိပ်လူမျိုးများပင်ဖြစ်ပေသည်။

သို့သော် အမျိုးသမီးကစားနည်းဟု ပထမအစတွင် အမျိုးသားများက ယူဆပြီး ပစ်ပယ်ထားခဲ့၍ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်အမျိုးသမီးများကသာ စတင်ကစားခဲ့ကြသည်။ ထို့နောက်မှ အမျိုးသားများ တဖြည်းဖြည်းပါဝင်ကစားလာခဲ့သည်။

နောက်ပိုင်းတွင် အင်္ဂလိပ်အရာရှိကြီးများသည် မိမိတို့ မိသားစု ကျန်းမာရေးအတွက် ကိုယ်လက်လှုပ် ရှားမှုအဖြစ် မိမိတို့ ခြံဝင်းအတွင်းတွင် စတင်ကစားခဲ့ကြ၏။ ထိုမှတဖန် မိမိတို့နှင့် အမျိုးတူ အဆင့်တူချင်း ကျန်းမာပျော်ရွှင်ရေးနှင့် ချစ်ကြည်ရင်းနှီးရေးအတွက် စုပေါင်းကစားလာခဲ့ကြသည်။

နောင်တစ်ချိန်တွင် အိန္ဒိယလူမျိုးအရာရှိကြီးများကလည်း အင်္ဂလိပ်လူမျိုးတို့ကို အတုယူ၍ ကစားခဲ့ကြ ရာမှတဆင့် အင်္ဂလိပ်နှင့် အိန္ဒိယလူမျိုး ဂုဏ်ရည်တူအရာရှိကြီးများ ရောနှောပူးပေါင်းကစားလာခဲ့ကြပေသည်။

အုပ်စိုးသူ ဂုဏ်သရေရှိသူများသာ ကစားကြခြင်းကြောင့် ကစားသမားတို့၏ အဝတ်အစားမှာ ဖြူစင် သနု့်ရှင်းသပ်ရပ်၍ လူသာမန်တို့ အထင်တကြီး ငေးကြည့်ရလောက်အောင် ဖြစ်ခဲ့ရသည်ဟု ဆို၏။ ကစားသမားတို့၏ အဆင့်အတန်း ဂုဏ်သရေနှင့် အဝတ်အစားဟိတ်ဟန်တို့ကြောင့်လည်း ကြက်တောင်ရိုက် အားကစားသမားကို ပိုမိုအထင်ကြီး လေးစားထင်ပေါ်စေခဲ့ရ၏။

မြန်မာကြက်တောင်ရိုက် အားကစားနည်းနှင့်ပတ်သက်ပြီး ကြံဖန်၍ ကြွားဝါ ဂုဏ်ယူလိုလျှင် မြန်မာ ကြက်တောရိုက်အားကစားသည် တချိန်တခါက ရွှေထီးဆောင်းခဲ့ဖူးသည်။ တနည်းအားဖြင့် ရွှေလင်းဗန်းဖြင့် အချင်းဆေး၍ မွေးဖွားခဲ့သည်ဟု ပြောနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် တချိန်တခါက တနည်းအားဖြင့် ကြက်တောင်ရိုက် ကစားနည်း မြန်မာပြည် တွင် စတင်ပေါက်ဖွားလာခဲ့သည့် အချိန်က ဂုဏ်သရေရှိအုပ်စိုးသူတို့၏ လက်ထဲ၌ မွေးဖွားကြီးပြင်း၍ ရှင်သန် သောခဲ့သောကြောင့်ပင် ဖြစ်လေသည်။

ထိုကဲ့သို့ အုပ်စိုးသူ ဂုဏ်သရေရှိ လူတစ်စုလက်မှ မြန်မာပြည်သူလူထုရင်ခွင်သို့ ကြက်တောင်ရိုက် ကစားနည်း တစတစ ကူးပြောင်းကျယ်ပြန့်လာပုံကို အကျဉ်းချုပ် ဖော်ပြလို၏။

အထက်က ဖော်ပြပြီးခဲ့သည့်အတိုင်း အင်္ဂလိပ်နှင့် အိန္ဒိယလူမျိုး ဂုဏ်ရည်တူ အရာရှိကြီးများ အချင်းချင်းရောနှောကစားရာသို့ မြန်မာအရာရှိကြီးများသည် တဖြည်းဖြည်း ပါဝင်လာခဲ့ပြီးနောက်တွင် အိန္ဒိယ နှင့်မြန်မာလူမျိုး ရုံးဝန်ထမ်းများထံသို့ ဆင်းသက်ကူးပြောင်းလာခဲ့၏။ ရုံးဝန်ထမ်း၊ ရုံးဝန်ကျင်းမှတဆင့် ရပ်ကွက်လူထုထံသို့ တစတစ စိမ့်ဝင်သွားခဲ့၏။

မြန်မာပြည်၌ ကြက်တောင်ရိုက် ကစားနည်းကို ရန်ကုန်မြို့မှ စတင်ခဲ့ပြီး ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ရပ်ကွက်၊ ပုဇွန်တောင်ရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ မဲသဒစ်ကျောင်း၊ မော်တင်၊ ဘုန်းကြီးလမ်း၊ အလုံရပ် ကွက်၊ စမ်းချောင်းရပ်ကွက်၊ ကြည့်မြင်တိုင်ရပ်ကွက်၊ ယူနီဗာစီတီကောလိပ်ကျောင်းနှင့် ဒလအံ့ကြီးရပ်ကွက် များသို့ ပျံ့နှံ၍ ရှင်သန်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ် စတင်တည် ထောင်၍ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဦးဘသန်း(ဘုံဘေဘားမား)ထံမှ ထိမှတ်ခဲ့ရပေသည်။

ရန်ကုန်မြို့မှအပ မြန်မာပြည်တွင် ကြက်တောင်ရိုက်အားကစားနည်း စတင်ထွန်းကားခဲ့သော ဒေသ များမှာ အင်္ဂလိပ်လူမျိုးအများဆုံး ရောက်ရှိနေသည့် ရေနံချောင်း၊ ချောက်ရေနံမြေဒေသဖြစ်သည်။ ထို့နောက် သာယာဝတီ၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ တနင်္သာရီဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ပြန့်ပွားထွန်းကားခဲ့သည်။

ရန်ကုန်မြို့တွင် ကြက်တောင်ရိုက်ကစားနည်းကို ၁၉၂၇ ခုနှစ်မှစ၍ ဦးဆောင်ကစားခဲ့ကြသူများမှာ ဦးဘသန်း(ဘုံဘေဘားမား)နှင့် သားဖြစ်သူ ဦးခင်ဝင်းဖေ၊ ဦးမြ၊ ဦးဘသိန်းဇံ (မြန်မာနိုင်ငံကြက်တောင်ရိုက် အဖွဲ့ချုပ်၊ ဒိုင်ဆပ်ကော်မတီ (၁၉၇၃/၁၉၈၁ ၊ ဒုတိယဥက္ကဋ္ဌ)၊ မစ္စတာဟာမွန်ဂျီ၊ ဘုန်းကြီးလမ်းအသင်းမှ ဦးကိုကိုကြီး(ပျဉ်းမနား)၊ ဦးချစ်စိန်တို့ဖြစ်သည်ဟု ဦးဘသန်း(ဘုံဘေဘားမား)ထံမှ သိမှတ်ခဲ့ရ၏။ အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးဝန် (အငြိမ်းစား)မစ္စတာဟတ်စကင်း ရေးသားသော ၁၉၇၀ ခုနှစ်ထုတ် မြန်မာနိုင်ငံ အားကစားသမိုင်းစာအုပ်တွင် ကြက်တောင်ရိုက်ကစားနည်းနှင့်ပတ်သက်ပြီး ရှေ့ဆောင်ခဲ့သူများမှာ ဘုံဘေဘားမား ကုမ္ပဏီမှ ဦးဘသန်း၊ ဦးချစ်စိန်၊ ဦးမြ၊ ဦးကိုကိုကြီး၊ မစ္စတာဟာမွတ်ဂျီ တို့ ဖြစ်ကြသည်ဟု ဖော်ပြထား၏။

၁၉၂၀ ခုနှစ်၌ ရန်ကုန်မြို့တွင် ကြက်တောင်ရိုက်အသင်းအဖွဲ့များကို မိမိတို့ နီးစပ်ရာ အချင်းချင်း စုပေါင်းဖွဲ့စည်း၍ ကစားလာခဲ့ကြ၏။ ဖွဲ့စည်းထားသော အသင်းအဖွဲ့များ အချင်းချင်းဖိတ်ခေါ်၍ ချစ်ကြည် ရေး ယှဉ်ပြိုင်ကစားခဲ့ရာမှ အရှိန်ရလာသောအခါ ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဘုံဘေဘားမားကလပ်မှ ကြက်တောင်ရိုက်ပြိုင်ပွဲတစ်ရပ်ကို စတင်ကျင်းပပေးခဲ့သည်။ ဤပြိုင်ပွဲတွင် ဦးဘသန်း(ဘုံဘေဘားမား)၊ ဦးကိုကိုကြီး၊ ဦးချစ်စိန်၊ ဦးကွန်း၊ ဦးတင်ဦး(မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ် လက်ရှိအမှုဆောင်)တို့က ဦးဆောင်ကြီးကြပ်ပေးသည်ဟု ဦးဘသန်းထံမှ မှတ်သားရရှိသည်။

ကြက်တောင်ရိုက်ကစားနည်းသည် မြန်မာပြည်၌ ၁၉၁၀ ခုနှစ်မှ စတင်လာခဲ့သော်လည်း ၁၉၂၅ ခုနှစ် ခန့်အထိ ကစားနည်း ဥပမာ အတိအကျမရှိဘဲ မိမိတို့အသင်းတွင် မိမိတို့ သဘောပေါက်သလို စည်းကမ်းများ ရေးဆွဲသတ်မှတ်၍ ကစားခဲ့ကြသည်ဟု သိရ၏။ ထို့ကြောင့် ကစားနည်း ဥပဒေအမျိုးအစားသည်မရှိဘဲ အသင်းတစ်မျိုးဖြင့် အမျိုးမျိုးကွဲပြားခြားနားလျှက်ရှိခဲ့သည်။

ဘုံဘေဘားမားကလပ်မှ ပြိုင်ပွဲစတင်ကျင်းပသောအခါတွင် ကစားနည်းဥပဒေကို ညှိနှိုင်းသတ်မှတ် ရေးဆွဲကြသဖြင့် အနည်းငယ်မျှ တူညီခဲ့သည့်တိုင်အောင် အချို့အယူအဆများ ကွဲလွဲလျက်ပင်ရှိ၍ ထိုကွဲလွဲ ချက်များကို ချန်လှပ်ထားခဲ့ရသည်ဟု ဆို၏။ ဤသို့ ကစားနည်းဥပဒေ ကွဲလွဲချက်များနှင့် ပတ်သက်ပြီး ဖြေရှင်းပေးနိုင်ရေးအတွက် အကြံပေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရသည်ဟူလည်း ဦးဘသန်းထံမှ သိရှိခဲ့ရ သည်။

ဦးသိန်း၏ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလထုတ် ကြက်တောင်ရိုက်ကစားနည်းစာအုပ်၌ ဖော်ပြချက်အရ ၁၉၄၁ ခုနှစ်တွင် ဘီအေအေ (ယခုအောင်ဆန်းကစားပြိုင်ဝင်း)၌ ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ဖြစ်လာခဲ့၏။ ထို့ကြောင့် ဂျပန်ခေတ်တွင် မြန်မာ့ကြက်တောင်ရိုက်အားကစားသည် ဆက်လက် မလှုပ်ရှားနိုင်တော့ဘဲ အရှိန်အဟုန် ရပ်တန့်သွားခဲ့ရတော့သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၇ ခုနှစ်တွင် အားကစားရေးရာကို အားပေးလေ့ရှိသော ဆရာ ဦးမောင်ကြီး သဘာပတိအဖြစ် ကြီးမှူး၍ ဆရာ ဦးဇော်ဝိတ်(အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ အငြိမ်းစား ညွှန်ကြားရေးဝန်) ဦးဆောင်ပြီး စစ်ပြီးခေတ် ကြက်တောင်ရိုက်ပြိုင်ပွဲကို မြို့တော်ခန်းမ၌ ပြန်လည်၍ စတင်ကျင်းပပေးခဲ့ရာ မန္တလေးမှ လူထု ဦးလှ၊ ဦးထိပ်တင်မောင်၊ ဦးဘကွန်းနှင့် ဒေါ်ခင်မူအေးတို့ လည်း ပါဝင်ခဲ့ကြသည်ဟု သိရ၏။

ထိုအချိန်မှစ၍ မြန်မာ့ကြက်တောင်ရိုက် အားကစားသည် ပြန်လည်အသက်ဝင်လှုပ်ရှားလာရသော ကြောင့် ဘုံဘေဘားမား ဦးဘသန်းနှင့် ၀ါသနာရှင် ကစားဖော် ကစားဘက်များ စုစည်းပြီး “မြန်မာပြည်လုံး ဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ်ကြီး” ဖွဲ့စည်းတည်ထောင်ရန် စိုင်းပြင်းကြိုးပမ်းခဲ့ပေသည်။

မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ်ကြီးသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာပြည် အိုလံပစ်အသင်းနှင့် ဆက်သွယ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၌ နိုင်ငံတော်အစိုးရက အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ ဖွဲ့စည်းပြီးသောအခါ၌ ကောင်စီအဖွဲ့ဝင် ဖြစ်လာခဲ့ကာ နိုင်ငံတော်ကို ကိုယ်စားပြုလျှက် မြန်မာ့ကြက်တောင်ရိုက်အားကစား ကျယ်ပြန့် တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်။

၁၉ ၅၂ ခုှစ်တွင် မတ်လတွင် အပြည်ပြည်ဆိုင်ရာ ကြက်တောင်ရိုက်အဖွဲ့ချုပ် (International Badminton Federation (I.B.F))သို့ လည်းကောင်း၊ ၁၉၅၉ ခုနှစ်၊ ဇူလိုင်လတွင် အာရှကြက်တောင်ရိုက် အဖွဲ့ချုပ် (Asian Badminton Federation (A.B.F)) သို့လည်းကောင်း၊ မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင် ရိုက်အသင်းချုပ်ကြီး ဆက်သွယ်ခဲ့ပြီး နိုင်ငံတကာ ကြက်တောင်ရိုက်အားကစားလှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက် ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် အသင်းချုပ်ကြီး အမည်ကို “မြန်မာနိုင်ငံ ကြက်တောင်ရိုက်အသင်းချုပ်”ဟု အမည် ပြောင်းပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲပြဌာန်းခဲ့၏။ ၁၉၆၄ ခုနှစ်၊ မေလ (၂၇)ရက်နေ့၌ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကို ဖျက်သိမ်း၍ အားကစားနှင့်ကာယပညာ ကော်မတီ ဖွဲ့စည်းပြီးသောအခါတွင် အသင်းချုပ်အမည်ကို “မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်” ဟု ပြောင်းလဲလျှက် အားကစားနှင့်ကာယပညာကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လာခဲ့သည်။

မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ်ကြီးအနေဖြင့် ၁၉၄၈-၄၉ မှစ၍ မြန်မာနိုင်ငံအမျိုး သားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲကို စတင်ကျင်းပပေးခဲ့၏။ အငယ်တန်းအမျိုးသားတံခွန်စိုက်ပြိုင်ပွဲကို ၁၉၅၆-၅၇ ခုနှစ်မှ ကျင်းပပေးနိုင်ခဲ့၏။

ကလပ်အသင်းလိုက်ပြိုင်ပွဲကို ၁၉၅၀ ပြည့်နှစ်တွင် လည်းကောင်း၊ ခရိုင်လိုက်ပြိုင်ပွဲကို ၁၉၅၂ ခုနှစ် တွင်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်အလိုက် ပြိုင်ပွဲကို ၁၉၅၈ ခုနှစ်တွင်လည်းကောင်း၊ ကျင်းပပေးခဲ့ သော်လည်း ပုံမှန်အဆက်မပြတ် ကျင်းပပေးနိုင်ခြင်း မရှိခဲ့ချေ။

၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံလုံးကို ဇုံ(၆)ဇုံ သတ်မှတ်၍ ဇုံအလိုက် ပြိုင်ပွဲကျင်းပပေးပြီးနောက် ၁၉၆၅ ခုနှစ်မှ စတင်ကာ ပြည်နယ်/တိုင်း အမျိုးသား၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲကို နှစ်စဉ်ပုံမှန် ကျင်းပပေးနိုင်ခဲ့ သည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကြက်တောင်အားကစားနည်းတွင် ကျား( ၆ )ဦး၊ မ( ၆ )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကြက်တောင်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်များ

 ကြက်တောင်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-
(က)နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။
(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။
(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။
(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီးစာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။
(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။
(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။
(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။
(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။
(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တ ရပ်နားခြင်းဖြစ်ပါသည်။
(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: