ဘတ်စကက်ဘော

ဘတ်စကက်ဘောအားကစားသမိုင်း

ဘတ်စကက်ဘော အားကစားနည်းကို (1891)ခုနှစ်တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ်၊ စပရင်းဖီလ်းတက္ကသိုလ်မှ ကာယပညာဌာနမှ Dr. James Naismith ဆိုသူက စတင်တီထွင်ခဲ့ သည်။ Dr. James Naismith သည် နံရံပေါ်တွင် ချိတ်ဆွဲထားသော တောင်းထဲသို့ ဘောလုံးဝင်အောင် ကစားပြခဲ့သည်။ လူတိုင်းပျော်ရွှင်စွာ ပါဝင်ကစားနိုင်သော အားကစားနည်းအဖြစ် သတ်မှတ်ခြင်းခံရသည်။

1892 ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျောင်းမှ ထုတ်ဝေသည့် The Traingle (သုံးဘက်မြင်) မဂ္ဂဇင်း ၌ ဥပဒေ(၁၀)ချက်ပါသော ဘတ်စကက်ဘော အားကစားနည်းဥပဒေကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ထိုအချိန်တွင် အမေရိကန်နိုင်ငံတွင် ခေတ်စားလျက် ရှိသော “RUGBY” ရပ်ဘီအားကစားနည်းကိုပင် ရင်ဘောင်တန်း ကစားလာသည်အထိ တိုးတက်များပြားလာခဲ့သည်။

ပထမဆုံးဘတ်စကက်ဘောပြိုင်ပွဲကို (1892) ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် စပရင်းဖီလ်း တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပရိတ်သတ်အများ အားပေးချီးမြှောက်ခြင်းခံခဲ့ရသည်။ ထိုလှုပ်ရှားမှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် (Y.M.C.M) မှ အတွင်းရေးမှူးသည် ကမ္ဘာအနှံ့အပြားတွင် သင်တန်း များကို စနစ်တကျပေးကာ ဤအားကစားနည်းကို တိုးတက်အောင် မြှင့်တင်ပေးခဲ့သည်။

ထိုအောင်မြင်မှုများမှသည် 1917 ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲကို ကျင်းပပေးနိုင်ခဲ့ပြီး၊ ပြိုင်ပွဲအပြီးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝကျော်မှ ပြည်သူများ၏ စိတ်ဝင်စားမှု၊ အားပေးမှုများ အသိအမှတ်ပြုခံရသဖြင့် 1932 ခုနှစ် ဇွန်လ 18 ရက်နေ့ တွင် ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံ (၈)နိုင်ငံ ကိုယ်စားပြု၍ ဖွဲ့စည်းတည်ထောင်ခဲ့ ကြသည်။ အသင်းကြီး၏ အဖွဲ့ချုပ်ရုံးကို ဂျီနီဗာတွင် အခြေချတည်ထောင်ခဲ့ကြသည်။ အဖွဲ့ချုပ်၏ ကြီးစားမှုကြောင့် (1936 ခုနှစ် သြဂုတ်လတွင် ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပခဲ့သော (၁၁)ကြိမ် မြောက် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွင် ထည့်သွင်းပါက ကစားခွင့်ရရှိခဲ့သည်။ ကမ္ဘာ့ဘတ်စကက်ဘော စတင် ဖွဲ့စည်းစဉ်က ဦးဆောင်ခဲ့သူမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာ H.C.R ဝီလျံဂျုန်းက ဆောင်ရွက်ခဲ့သည်။ လက်ရှိအဖွဲ့ချုပ်ကို ဂျာမဏီနိုင်ငံ မြူးနစ်နိုင်ငံ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ဘတ်စကက်ဘော (မြန်မာ့သမိုင်း) မြန်မာနိုင်ငံသို့ အဆိုပါအားကစားနည်းသည်  (1915-16) ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး ပထမဆုံး ကစားပွဲကို ကူရှင်အထက်တန်းကျောင်းနှင့် ကပ်လျက်ရှိသော ဂျပ်ဆင်ကောလိပ်ကျောင်းဟောင်းကြီး တွင် ပြုလုပ်ကျင်းပခဲ့ရာ ပညာမင်းကြီး ဦးချိုကိုယ်တိုင် ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ (1916-19)ခုနှစ်များအတွင်း ကူရှင်ကျောင်း (ယခု အထက(၄)အလုံ)နှင့် မက်သဒစ်အထက်တန်းကျောင်း (ယခု အထက(   )ပုဇွန်တောင်ကျောင်း များတွင် ပြုလုပ်ကျင်းပခဲ့သည်။ ကျောင်းပေါင်းစုံပြိုင်ပွဲများကို (1916 မှ 1920)အတွင်း ၀ိုင်အမ်စီအေမှ မစ္စတာဟီလို၏ ကြိုးပမ်းမှုကြောင့် ပြိုင်ပွဲများ ကျင်းပပေးနိုင်ခဲ့ သည်။

၄င်းမစ္စတာဟီလိုသည် အမေရိကန်နိုင်ငံမှ နာမည်ကျော် ကစားသမားလည်းဖြစ်၊ ၀ိုင်အမ်စီအေမှ အကြံပေးအရာရှိလည်းဖြစ်သည်။ ၄င်းနှင့်အတူ အမေရိကမှ နာမည်ကျော် ဘတ်စကက်ဘော ကစားသမား ဒိုင်ယာ၊ နာမည်ကျော် ဟောင်ကောင်မှ ကစားသမား မစ္စတာချိုင်းနှင့် အငြိမ်းစားကာယ ဝန်ထောက် ဦးဘသန်း တို့သည် မြန်မာနိုင်ငံဘတ်စကက်ဘောကစားနည်း တိုးတက်ဖွံ့ဖြိုးလာစေရန် ကျောင်းများ၌ သင်ကြားပေးခဲ့သည်။

1936 ခုနှစ်တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ၊ ညွှန်ကြားရေးဝန် ဝဏ္ဏကျော်ထင် ဦးဇော်ဝင်သည် မြန်မာတစ်နိုင်ငံလုံး အားကစားတိုးတက်လာစေရန် လူငယ်အားကစားသမား အယောက်(၂၀)ကျော်တို့ဖြင့် အားကစားနည်းများကို အထက်မြန်မာပြည်မြို့ကြီးများသို့ လှည့်လည် သရုပ်ပြကစားပြခြင်းများကို ပြုလုပ်ပြသခဲ့ရာတွင် ဘတ်စကက်ဘောအဖွဲ့လည်း ပါဝင်ခဲ့လေသည်။

1947 ခုနှစ်တွင် မြန်မာနိုင်ငံသည် အိုလံပစ်အဖွဲ့ဝင်ဖြစ်ခဲ့၍ ဘတ်စကက်ဘောအဖွဲ့ချုပ်သည် လည်း ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် 1948 တွင် ဆက်သွယ်ခဲ့ပေသည်။

1951 ခုနှတွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီမှ ဘတ်စကက်ဘောစည်းရုံးရေးမှူး အဖြစ် ဦးသံချောင်းအား တာဝန်ပေးပြီး မြန်မာနိုင်ငံတစ်ဝှမ်း တိုးတက်ပြန့်ပွားစေရန် သင်တန်းများပို့ချ စေခြင်း၊ ကစားနည်းဥပဒေ စာအုပ်များထုတ်ဝေခြင်း၊ ကျွမ်းကျင်သူ စီနီယာကစားသမားများဖြင့် ပြည်တွင်းတစ်ခွင် လှည့်လည်၍ သင်တန်းများပေးခြင်း၊ ဟောပြောခြင်းများကို စနစ်တကျ သင်ကြားပေး ခြင်းများ ပြုလုပ်စေခဲ့ပါသည်။

1951 အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘတ်စကက်ဘောအသင်း ပါဝင်ခဲ့သည်။ 1955-56 တွင် ထိုင်းလက်ရွေးစင်အသင်း 1956-57 တွင် အိန္ဒိယမှ ၀ိုင်အမ်စီအေအသင်း 1957-58 တွင် တရုတ် (ချိန်ကူး)ဘတ်စကက်ဘောအသင်းတို့ ချစ်ကြည်ရေးလာရောက်ကစားခဲ့သည်။

1959 တွင် ပထမအကြိမ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ကျွန်းဆွယ်)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာဘတ်စကက်ဘောအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 1967 ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ကို စတင်ကျင်းပခဲ့ပြီး အမျိုးသမီးဘတ်စကက် ဘောပြိုင်ပွဲအနေဖြင့် 1968 ခုနှစ်မှစ၍ ထည့်သွင်းကျင်းပခဲ့သည်။ 1969 ခုနှစ် (၅)ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသမီးအသင်းသည် ဒုတိယဆု၊ အမျိုး သားအသင်းသည် တတိယဆုရရှိခဲ့ပါသည်။ မြန်မာအမျိုးသမီး ဘတ်စကက်ဘောအသင်းသည် ၁၅ကြိမ်၊ ၁၆ကြိမ်၊ ၁၈ ကြိမ်၊ ၂၆ ကြိမ်နှင့် 2013 ခုနှစ် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အမျိုးသား အသင်းသည် ၁၈ ကြိမ်၊ ၂၆ကြိမ်နှင့် 2013 ခုနှစ် ၂ရကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

1947 ခုနှစ်တွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သည်။ 1948 ခုနှစ်တွင် မြန်မာ့ဘတ်စကက်ဘောအဖွဲ့ချုပ်သည် ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ် (FIBA)နှင့် ဆက်သွယ်ပြီးနောက် ဘတ်စကက်ဘောပြိုင်ပွဲများကို အဖွဲ့ချုပ်ကပင် တာဝန်ယူကျင်းပပေးခဲ့သည်။
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အနေနှင့် ကျင်းပပေးလျက်ရှိသော ပြိုင်ပွဲများမှာ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်း၊ ရာသီအလိုက်ပြိုင်ပွဲများ၊ အထိမ်းအမှတ်နေ့ထူးပြိုင်ပွဲများ၊ တက္ကသိုလ်ပြိုင်ပွဲများ၊ တပ်မတော်ကြည်း၊ ရေ၊ လေပြိုင်ပွဲများ၊ အသက်(အကန့်သတ်)အတန်းလိုက် ပြိုင်ပွဲများ၊ နိုင်ငံတကာချစ်ကြည်ရေးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ အဖွဲ့ချုပ်တွင် အပြည်ပြည် ဆိုင်ရာဒိုင်လူကြီးအဖြစ် (၄)ဦးကို မှတ်ပုံတင်ထားရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည်မှ ယခုအချိန်ထိ (၉)ဦး တာဝန်ယူ ခဲ့ပြီး လက်ရှိတွင် ဥက္ကဋ္ဌမှာ ရွှေသံလွင် ဦးကျော်ဝင်းဖြစ်ပြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်မြင့်နှင့် ဦးမြင့်သိန်းတို့မှ တာဝန်ယူဆောင်ရွက်ပေးပြီး၊ အတွင်းရေးမှူးမှာ ဦးကျော်ကျော်ဝင်း(ဆင်းမာ)နှင့် အတွင်းရေးမှူးအဖွဲ့မှာ ဦးသက်လွင်၊ ဦးထင်လင်းပြည့်နှင့် ဒေါ်ဥမ္မာအောင်(လ/ထညွှန်မှူး)အား/ကာဦး စီးဌာနတို့ဖြစ်ကြပါသည်။

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တွင် တာဝန်ယူဆောင်ရွက်နေကြသော သူများသည် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၊ ၀ါသနာရှင်နှင့် စေတနာရှင်အများအပြား ပါဝင်ပြီး ဘတ်စကက်ဘောအားကစားနည်းကို တိုးတက်မြင့်မားစေချင်သော စိတ်ရင်းစေတနာအပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်နေသောသူများ ဖြစ်ပါသည်။

အဖွဲ့ချုပ်ရုံးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက် ဘောအားကစားရုံတွင် ဖွင့်လှစ်ထားပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ဘတ်စကက်ဘောအားကစားနည်းကို ၁၉၉၈ခုနှစ် မှ ယခုအချိန်ထိ ကျား(၁၀)ဦး၊ မ(၁၀)ဦးဖြင့် လေ့ကျင့်သင်ကြားလျက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘတ်စကတ်ဘောအားကစားနည်းတွင် ကျား( ၆ )ဦး၊ မ( ၆ )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဘတ်စကက်ဘောအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်များ

ဘတ်စကက်ဘောအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-
(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။
(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။
(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။
(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။
(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။
(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။
(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။
(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။
(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တ ရပ်နားခြင်းဖြစ်ပါသည်။
(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: