၂၀၂၄−၂၀၂၅ ပညာသင်နှစ်၊ အား/ပညာပေါင်းစပ် လေ့ကျင့်ရေးသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား (၇.၆.၂၀၂၄)

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ၂၀၂၄-၂၀၂၅ပညာသင် နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူများက ဒို့ချစ်တဲ့သိပ္ပံသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မယ့် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ဆိုတဲ့ ရည်ရွယ်ချက်နှင့်အညီ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့တာ (၂၇)နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း၊ အားကစားလုပ်ငန်းကို စီမံခန့်ခွဲမယ့်သူများ နည်းပြဆရာများအတွက် အားကစားဒီပလိုမာသင်တန်းကို အမှတ်စဉ်(၁)မှ (၁၃)အထိ လည်းကောင်း၊ အခြေခံပညာကာယ ဆရာ/ဆရာမများ အားကစားနည်းပြသင်တန်းကို အမှတ်စဉ်(၁)မှ (၁၅)အထိ လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန ကာယဆရာ/ဆရာမများ အားကစားနည်းပြမွမ်းမံသင်တန်းများအားလည်းကောင်း၊ ဌာနတွင်း ဦးစီးအရာရှိ မွမ်းမံသင်တန်း အမှတ်စဉ်(၁)မှ (၈)အထိနဲ့ အခြားနည်းပြသင်တန်းများကို လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ယခု၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းမှာလည်း သင်တန်းသား/သင်တန်းသူ (၂၉၀)ဦးအထိ ရွေးချယ်သွားမှာဖြစ်ပြီး အားကစားနည်း (၁၇)နည်းနဲ့ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မွေးထုတ်ပေးခဲ့သည့် သင်တန်းသားများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သည့်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အာရှအားကစား ပြိုင်ပွဲနှင့် (၁၁)ကြိမ်မြောက်အာရှလူငယ်ဝူရှူးပြိုင်ပွဲ၊ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲ၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့ သည့် (၇)ကြိမ်မြောက်ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် ပြိုင်ပွဲ တို့တွင် ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်ပေါင်း များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ပေးနိုင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင် အပ်ပါကြောင်း။

လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး လူငယ်တွေ တော်ရင်တော်သလို တိုင်းပြည် တိုးတက်မှာဖြစ်တဲ့အတွက် ‘ဆရာကောင်းတပည့် ပန်းကောင်းပန်’ ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ထူးချွန် ထက်မြက်သော တပည့်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်မှာ ဆရာ/ဆရာမများတွင် အဓိက တာဝန်ရှိပြီး လူငယ်များအနေနဲ့လည်း ဆရာများ၏ သင်ကြားပြသ ဆိုဆုံးမမှုများကို မြေဝယ်မကျ နားထောင် ပြီး ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်သလို နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်အောင် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာ နဲ့ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်နေကြရမှာဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစားသမားကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်အောင် အနီးကပ် သင်ကြား ပြသပေးနေသူများဖြစ်သည့်အတွက် အားကစားသမားများ၏ ယုံကြည်အားထား လေးစားမှုရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းအပြင် ပြုမူပြောဆိုနေထိုင်သွားလာမှုများတွင်လည်း စံနမူနာပြကျင့်ကြံ နေထိုင်သွားကြရန် အထူးလိုအပ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အားဖြည့် ဖွဲ့စည်းပေးထားပြီး အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျောင်းသား/ကျောင်းသူလေးများရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး အထက်တန်းကျောင်း များဟာ ပြင်ပအထက်တန်းကျောင်းများနှင့် မတူဘဲ အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် ပညာရေးဌာနမှ တာဝန်ရှိ သူများနဲ့ ဆရာ/ဆရာမများအနေနဲ့ ကျောင်းရဲ့ သဘောသဘာဝကို နားလည်ပြီး ကျောင်းသား/ကျောင်းသူများရဲ့ ပညာရေးတိုးတက်ဖို့ အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာ ဆိုသည့် နာ(၃)နာကို အရင်းခံပြီး ဆရာဝတ်နှင့်အညီ ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းအကျိုးတော် ဆောင်ရန်ပုံငွေသို့ ငွေကျပ် သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီးဦးဌေးအောင် နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးတို့က လက်ခံရယူခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် အလှူရှင်အသီးသီးတို့မှ စုစုပေါင်းလှူဒါန်းငွေကျပ် (၆၃၃)သိန်းအား ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး တို့က အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက မြန်မာ့သိုင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ကျွမ်းဘား အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေ ခဲ့ကြပြီးနောက် ကျောင်းသား/ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သရုပ်ပြ အဖွဲ့များအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်း အားဂုဏ်ပြုချီးမြှင့် ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုူတ်ဆက်၍ အားကစားနည်းအလိုက်ခင်းကျင်းပြသထားသော အားကစားအထောက်အကူပြုပစ္စည်း များအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။