အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား ၂၅.၇.၂၀၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄-၂၀၂၅ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား
ရန်ကုန်၊ ဇူလိုင်လ (၂၅)ရက် ။
၂၀၂၄-၂၀၂၅ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံရဲ့အနာဂတ်တာဝန်တွေကို ပုခုံးပြောင်းလွှဲယူနိုင်မည့် လူငယ်များရဲ့ စွမ်းဆောင်ရည် ကိုယ်ကျင့်တရား၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ဦးဆောင်နိုင်မှုူနှင့် စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှု စတဲ့ အချက်တွေပေါ်မှာ များစွာမူတည်နေပါကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးတဲ့ စိတ်နှင့် နိုင်ငံ့သားကောင်းစိတ်ဓာတ်တွေ ပေါ်ပေါက်လာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အားကစားသည် လူငယ်များရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှုရဲ့ အခြေခံမျိုးစေ့ဖြစ်သည့်အတွက် အားကစားနှင့်ပညာရေး ကို ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များရဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း၊ စုစည်း ညီညွတ်တဲ့ စိတ်ဓာတ်၊ အဖွဲ့အစည်း နဲ့ အောင်မြင်မှုရရှိအောင် ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်နဲ့ တိုင်းချစ်ပြည်ချစ်စိတ်များဖြစ်ပေါ် လာစေရန် ရည်ရွယ်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ (၁၂.၈.၂၀၂၄) ရက်နေ့မှာ ကျရောက် တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို နေပြည်တော်မှာစည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူငယ်များဟာ အနာဂတ်ရဲ့ တန်ဖိုးထားရတဲ့ ရတနာများ ဖြစ်သည့် အတွက် မိမိဘဝတိုးတက်ကောင်းမွန်အောင်၊ မိသားစုဘဝ တိုးတက်ကောင်းမွန်အောင်၊ နိုင်ငံတော်က အားထားရသောသူများဖြစ်အောင်၊ နိုင်ငံချစ်စိတ်ဖြင့် ကြိုးစားသွားကြရန်နှင့် အတန်းပညာများ၊ အားကစားဘာသာရပ်များကို ထူးချွန်အောင်ကြိုးစားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီးနောက် ကျောင်းဆရာ/ဆရာမများ၊ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမျိုးသား/အမျိုးသမီး (၄)ထပ်အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေးကွင်း(၁)ရှိ ပြေးခုန်ပစ် ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။