၂၀၂၃−၂၀၂၄ ပညာသင်နှစ်၊ အာ/ပညာပေါင်းစပ် လေ့ကျင့်ရေးသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား (၆.၆.၂၀၂၃)

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်      
လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ (၆)ရက်။
 
     အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊  ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူလေးများက ဒို့ချစ်တဲ့သိပ္ပံသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ အားကစားနှင့်ကာယ ပညာ သိပ္ပံ(ရန်ကုန်) က မွေးထုတ်ပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် အားကစား သမားကျား(၁၆)ဦး၊ မ (၃၀)ဦးက အားကစားနည်း(၁၃)နည်းမှ မြန်မာနိုင်ငံကိုယ်စားပြု  ပါဝင်ခဲ့ပြီး အဲဒီထဲကမှ ကျား(၇)ဦး၊ မ(၂၁)ဦးတို့က ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁၁)ခု၊ ကြေးတံဆိပ်(၁၅)ခု စုစုပေါင်းဆုတံဆိပ် (၃၁)ခုကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါကြောင်း၊ လူငယ်များဟာ တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး လူငယ်တွေ တော်ရင်တော်သလို တိုင်းပြည်တိုးတက်မှာဖြစ်တဲ့အတွက် ထူးချွန်ထက်မြက်သော တပည့်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်မှာ ဆရာ/ဆရာမများတွင် အဓိက တာဝန်ရှိပြီး၊ လူငယ်များအနေနဲ့လည်း ဆရာများ၏ သင်ကြားပြသဆိုဆုံးမမှုများကို မြေဝယ်မကျ နားထောင်ပြီး ဗလငါးတန် ဖွံ့ဖြိုးသော လူငယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်သလို နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်အောင်  စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာနဲ့  စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေကြရမှာဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစားသမားကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ  တိုးတက်ကောင်းမွန်အောင် အနီးကပ် သင်ကြားပြသ ပေးနေသူများ ဖြစ်သည့်အတွက် အားကစားသမားများ၏ ယုံကြည်အားထားလေးစားမှု ရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းအပြင်  ပြုမူပြောဆို နေထိုင်သွားလာမှုများတွင်လည်း စံနမူနာပြ ကျင့်ကြံနေထိုင် သွားကြရန် အထူးလိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အားဖြည့် ဖွဲ့စည်းပေးထားပြီး၊  အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျောင်းသား/ကျောင်းသူလေးများရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးနဲ့အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး အထက်တန်းကျောင်းများဟာ  အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများအနေနဲ့ ကျောင်းသဘောသဘာဝကို နားလည်ပြီး ကျောင်းသား/ကျောင်းသူများရဲ့ ပညာရေးတိုးတက်ဖို့အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာ အရင်းခံ၍ ဆရာဝတ် နှင့်အညီ ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်း အကျိုးတော်ဆောင်ရန်ပုံငွေသို့   ငွေကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)   ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က လက်ခံရယူခဲ့ပါသည်။

     ယနေ့ အခမ်းအနားတွင်အလှူရှင်အသီးသီးတို့မှ စုစုပေါင်းလှူဒါန်းငွေ   ကျပ် (၄၀၇)သိန်းတို့အား ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီးဦးမျိုးမြင့်အောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့က အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်ခဲ့ပါသည်။

      ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူလေးများက Myanmar Fitness Dance ၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ အားကစားနည်းများဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ပါသည်။

     အဆိုပါ သရုပ်ပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် သရုပ်ပြသသည့် ကျောင်းသား/ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ဂုဏ်ပြု ဆုငွေကျပ် (၁၅)သိန်းနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါ်ခင်လေးမွန်က ဂုဏ်ပြုဆုငွေ ကျပ် (၅)သိန်းတို့အား ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

      ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အားကစားပစ္စည်းနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။